Events

Anuga-Food and Beverage 2023 ပြပွဲ ကျင်းပမည့်အစီအစဉ်

Updated At: 2022-08-12 11:35:30

Anuga-Food and Beverage ပြပွဲသည် ၁၉၁၉ ခုနှစ်ကတည်းကပင် စတုဂတ်မြို့တွင် စတင်ကျင်းပခဲ့သော ကမ္ဘာ့ထိပ်တန်း စားသောက်ထုတ်ကုန်ပစ္စည်းပြပွဲကြီး (leading food fair for retail trade, food service and catering market) ဖြစ်ပါသည်။ ၁၉၂၄ ခုနှစ်မှစ၍ ကိုလုံး (Cologne) မြို့တွင်ကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် နှစ် (၁၀၀) ပြည့်ပွဲကို ကျင်းပခဲ့သည်။ ပြပွဲကို ၂ နှစ် တစ်ကြိမ် ကိုလုံးမြို့ Kolenmesse GmbH တွင် ကျင်းပလေ့ရှိပြီး ပြပွဲကာလ အတွင်း trade shows များ၊ တီထွင်ဆန်းသစ်မှုနှင့် အစားအသောက်ဈေးကွက်အလားအလာအတွက် ဆွေးနွေးပွဲများစွာ ပြုလုပ်ကြပါသည်။ ပြပွဲဧရိယာသည် (၂၈၄၀၀၀) စတုရန်းမီတာရှိပြီး ၂၀၂၁ ခုနှစ်အတွက် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့ထိ ကျင်းပခဲ့ပါသည်။

၂၀၂၃ နှစ်အတွက် Anuga-Food and Beverage ပြပွဲကို Federal Association of the German Retail Grocery Trade (BVLH)၊ Federation of German Food and Drink Industries (BVE)၊ German Hotel & Catering Association (DEHOGA)  တို့နှင့်ချိတ်ဆက်ပူးပေါင်း၍ အောက်တိုဘာလ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ ကျင်းပရန် စီစဉ်ထားရှိပါသည်။

၂၀၁၉ ခုနှစ်တွင် လာရောက်ပြသသူပေါင်း (၇၉၇၂)၊ နိုင်ငံပေါင်း (၂၀၁) နိုင်ငံမှ လာရောက်လေ့လာ ကြည့်ရှုသူပေါင်း (၁၆၉၆၅၃) ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် လာရောက်ပြသသူပေါင်း (၄၄၄၃) နှင့် နိုင်ငံပေါင်း (၁၆၉) နိုင်ငံမှ လာရောက် လေ့လာကြည့်ရှုသူပေါင်း (၆၉၄၅၉) ရှိခဲ့ပါသည်။

ပြပွဲတွင် ပါဝင်ပြသမည့်သူများအနေဖြင့် (www.anuga.com) ဝက်ဘ်ဆိုက်တွင် အွန်လိုင်းမှတဆင့် လျှောက်ထားရယူနိုင်ပြီး ၃၀-၉-၂၀၂၂ ရက်နေ့အထိ လျှောက်ထားသူများသည် အထူးလျော့ဈေးနှုန်းအဖြစ်  တစ်စတုရန်းမီတာ လျှင် (၂၉၉) ယူရိုဖြင့်လည်းကောင်း၊ ၁-၁၀-၂၀၂၂ ရက်နေ့မှ စတင်လျှောက်ထားသူများသည် တစ်စတုရန်းမီတာလျှင် (၃၀၉) ယူရိုဖြင့်လည်းကောင်း ရယူဆောင်ရွက်နိုင်ပါသည်။ အခြားကုန်ကျစရိတ်များအနေဖြင့် The Association of the German Trade Fair Industry (AUMA) စရိတ် (euro 0.60/sqm)၊ Marketing package (euro 1120) ၊ energy costs (euro 14.5/sqm) စသည်တို့ ပေးသွင်းရမည်ဖြစ်ပါသည်။

ပြပွဲတွင်ပြသနိုင်သည့် စားသောက်ကုန်အုပ်စုများအနေဖြင့် Fine Food (စိုက်ပျိုးရေးထွက်ကုန်နှင့် စားသောက်ကုန်မျိုးစုံ-Raw and processed) ၊ Drinks၊ Chilled & Fresh Food၊ Meat၊ Frozen Food၊ Dairy၊ Bread & Bakery၊ Hot Beverages၊ Organic၊ Culinary  စသည်တို့ဖြစ်ပါသည်။ ထုတ်ကုန်အုပ်စုများအလိုက် trade shows များကို သတ်မှတ်ကျင်းပလေ့ရှိပါသည်။ Anuga-Food and Beverage ပြပွဲကို Kolenmesse GmbH က Cologne တွင် ၂ နှစ်တစ်ကြိမ် ကျင်းပခြင်းအပြင် ဘရာဇီး၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုလံဘီယာ၊ ထိုင်းနှင့် ယူအေအီးနိုင်ငံတို့တွင်လည်း ထုတ်ကုန်အုပ်စုများအလိုက်၊ နှစ်အလိုက် အချိန်ကာလများသတ်မှတ်၍ ကျင်းပဆောင်ရွက်လေ့ရှိပါသည်။ နိုင်ငံအများအပြားမှ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ပစ္စည်းအမယ်မျိုးစုံကို ကြီးကျယ်ခမ်းနားစွာ ပြသကျင်းပပြီး တီထွင်ဆန်းသစ်မှုများ၊ ဈေးကွက်အလားအလာများကို တစ်နေရာတည်းတွင် လေ့လာရရှိနိုင်ခြင်းကြောင့် မြန်မာ နိုင်ငံကဲ့သို့ စိုက်ပျိုးရေးထွက်ကုန်များနှင့် စားသောက်ကုန်များ ထုတ်လုပ်နိုင်သည့် နိုင်ငံအနေဖြင့် Anuga ပြပွဲတွင် ဝင်ရောက်ပြသခြင်းဖြင့် အီးယူဈေးကွက်ပိုမိုရရှိရေး ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။        

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)                                     
Source: https://www.anuga.com/

 

Event Details

Date
October 7th to 11th, 2023
Location
Germany
Website
www.myantrade.org

More Events